SITA သီတာ
- Published
- Genres
- Fiction & Literature
Description
ကျွန်တော်တို့ဆီတွင် ရာမာယဏဟု ဆိုလိုက်လျှင် ယောက်ျားရင့်မာကြီး တွေကိုချည်း ပြေးမြင်တတ်ကြ သည်။ ရာမ၊ လက္ခဏ၊ ရာဝဏ၊ ဘိဘိသန၊ ကုမ္ဘီကဏ္ဏ၊ ဟနုမာန်၊ မာရဇ္ဇ၊ ကုဝေရ။ ဇာတ်တော်ကြီးကို စာပေရေးရာ အမြင်နှင့်ကြည့်လျှင် ဇာတ်ရုပ်အကြွဆုံး ဇာတ်ကောင်များမှာ ယောက်ျား သားတွေ ဖြစ်နေသည်။ ထိုသူများသည် တိုက်ကြခိုက်ကြသည်။ ပြိုင်ကြဆိုင်ကြသည်။ သတ်ကြဖြတ်ကြသည်။ သေကြ ကျေကြသည်။ သာမန်အားဖြင့် ‘အားကြီးသူ အနိုင်ရစတမ်း’ အမြင်အရဆိုလျှင် ထိုကိစ္စများ ရှိကို ရှိရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့မှသာ အားပြိုင်မှု ရှိမည်။ စိတ်ဝင်စားဖို့ ကောင်းမည်။ သွေးဆူမည်။ ရင်ခုန်သံ မြန်မည်။ ထို စိတ်ခံစားမှု လှိုင်းများကို ‘အသူရာ’ တွင် ကျွန်တော်တို့ သွေးသံတရဲရဲ တွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။
သို့ရာတွင် ထိုကဲ့သို့သော အင်အားချင်း ပြိုင်ဆိုင်မှု၊ ခက်ထန် ကြမ်းကြုတ်မှု များထဲ၌ ကျွန်တော်တို့ သတိ မထားမိသည်မှာ ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော အရာများ ဖြစ်နေသည်။ ယောက်ျားသားများနှင့် ဆန့်ကျင် ဘက် ဖြစ်သော မိန်းမသားများ။ ရက်စက် ကြမ်းကြုတ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်သော နူးညံ့သိမ်မွေ့မှုများ။ အမုန်းတရား၏ ဆန့်ကျင်ဘက်ဖြစ်သော ချစ်ခြင်းမေတ္တာ။ အပြစ်ယူခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ခွင့်လွှတ်ခြင်း။ ထိုအရာများကို သင်တို့လည်း မြင်ခဲ့ကြမည်ဟု ကျွန်တော် မထင်မိ။ ကျွန်တော်တို့ ကောင်းကောင်း သိခဲ့ကြသည့် ရာမ၊ လက္ခဏ အစရှိသော ယောကျ်ားသားများ၏ ကြင်ရာတော်များ အကြောင်းကို ကျွန်တော်တို့ သိပ်မသိခဲ့ကြ ခြင်းမှာ နည်းနည်းတော့ အံ့ဩစရာကောင်းသည်။